📍(၁၀-၁၀-၂၀၂၅) ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (UMTA-HRD) မှ ဦးဆောင်၍ "Tour Operator and Travel Operation Management Program" သင်တန်း၏ Orientation အခမ်းအနားနှင့် ပထမဆုံး သင်ခန်းစာကို online မှတစ်ဆင့် အောင်မြင်စွာ ကျင်းပဖွင့်လှစ်နိုင်ခဲ့ပါသည်။
📍ဤသင်တန်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကဏ္ဍ၏ အရည်အသွေးများ စဉ်ဆက်မပြတ် တိုးတက်စေရန် ရည်ရွယ်ပြီး ASEAN Common Competency Standards for Tourism Professional (ACCSTP) အပေါ် အခြေခံကာ The ASEAN Mutual Recognition Arrangement on Tourism Professionals (MRA-TP) Guideline နှင့်အညီ ရေးဆွဲထားခြင်း ဖြစ်ပါသည်။
📍သင်တန်းကို (၁၀-၁၀-၂၀၂၅) မှ (၁-၁၂-၂၀၂၅) ရက်နေ့အထိ အွန်လိုင်းမှ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်ပြီး ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီးမှ သင်တန်းသူ/သင်တန်းသား ၈၆ ဦး တက်ရောက်လျက်ရှိပါသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင် နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာသက်လွင်တိုး တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။
📍ဆက်လက်၍ UMTA ဥက္ကဌ ဦးကျော်ဘုန်းနိုင် မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းနည်းပြများမှ မိတ်ဆက်စကား ပြောကြားခဲ့ကြပါသည်။ သင်တန်းသား/သူများအနေဖြင့်လည်း တစ်ဦးချင်းစီ မိတ်ဆက်စကားပြောကြားပြီးနောက် သင်ကြားခြင်းအစီအစဉ်အား စတင်ဆောင်ရွက်ခဲ့ကြပါသည်။
📍ယခု သင်တန်းအား အောင်မြင်စွာ စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက် သင်ကြားပေးမည့် ဆရာ/ဆရာမများ၊ တက်ရောက်သင်ယူကြသည့် သင်တန်းသား/သူများ၊ ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များနှင့် သင်တန်းကျင်းပမှု အောင်မြင်စေရန် ကူညီဆောင်ရွက်ပေးခဲ့သူများ အားလုံးကို UMTA မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ UMTA မှ ထပ်မံဖွင့်လှစ်မည့် သင်တန်းများတွင်လည်း ခရီးသွားလုပ်ငန်းဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊စိတ်ဝင်စားသူအားလုံး တက်ရောက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။








